Pages


 

Thursday, November 21, 2013

မည်သူမျှ စစ်ဆေးခွင့်မရှိသော လွှတ်တော်အသုံးစရိတ်

0 comments
လစာတိုးဖို့ တင်တောင်းလာတာတွေတွေ့တော့ ယနေ့ လွှတ်တော်ရဲ့ ကုန်ကျစရိတ်ကို တွက်ကြည့်မိပါတယ်… အစိုးရအသုံးစရိတ်များနှင့် အခြားအသုံးစရိတ် များစွာကို ပွင့်လင်းမြင်သာမှုရှိရန် တိုက်တွန်းမှုများရှိသလို ပြည်ထောင်စုအဆင့် စစ်ဆေးရေးအဖွဲ့ကလည်း စစ်ဆေးမှုတွေ ရှိပါတယ်… ဒါပေမယ့် လွှတ်တော်ရဲ့ အသုံးစရိတ်ကိုတော့ မည်သူမှစစ်ဆေးခွင့် မရှိတာကို သတိပြုမိပါတယ်…

လွှတ်တော်အမတ်တစ်ဦးရဲ့ လက်ရှိလစာဟာငွေကျပ် ၃ သိန်း ရှိပါတယ်… နိုဝင်ဘာ ၁၃ ရက်နေ့က အမျိုးသား လွှတ်တော် ဥပဒေကြမ်းကော်မတီမှ မြန်မာလွှတ်တော်အမတ်တွေရဲ့ လစာငွေဟာ အမေရိကန် နဲ့ တခြားနိုင်ငံတွေရဲ့ လွှတ်တော်အမတ်တွေလစာနဲ့ နှိုင်းယှဉ်ရင် နည်းနေတယ်ဆိုပြီး နေပြည်တော်ရှိ လွှတ်တော်အမတ်တွေ အတွက် လစာငွေ ၆ သိန်း တိုးပေးရန်…. တိုင်းဒေသကြီးနှင့် ပြည်နယ် လွှတ်တော် အမတ်တွေအတွက် လစာငွေကျပ် ၂ သိန်းတိုးကာ ၄ သိန်း ပေးရန် အဆိုတင်သွင်းခဲ့ကြပါတယ်….

ဝန်ထမ်းလစာတိုးတယ်ဆိုတာ ဝန်ထမ်းစည်းမျဉ်းစည်းကမ်းအရ အရည်အချင်းတွေအပေါ် မူတည်ပြီး ဆုံးဖြတ်ရပါတယ်… အစမ်းခန့်ထားခြင်းများ၊ စာမေးပွဲ စစ်ဆေးခြင်းများ အဆင့်ဆင့်ပြီးမှ တစ်ဆင့်တိုးခံစားခွင့်ကို ရရှိပါတယ်… လစာတိုးမြှင့်ခံစားရလျှင်လည်း သတ်မှတ်ထားတဲ့ Pay Scale အတိုင်းပဲ တိုးရတာပါ… အခုတော့ လွှတ်တော်က လုပ်သက် ၂ နှစ်ခွဲဖြင့် လစာ  ၂ ဆတိုးဖို့ တောင်းဆိုခြင်းဟာ ဝန်ထမ်းစည်းကမ်းအရသာ အကျိုးခံစားခွင့်ရှိတဲ့ ဝန်ထမ်းကောင်းတွေဖက်က စဉ်းစားမယ်ဆိုရင် တော်တော်ခံစားရ လောက်ပါတယ်… “ပြည်သူ့ဆန္ဒ – လွှတ်တော်ဆန္ဒ၊ ပြည်သူ့ မျှော်လင့်ချက် လွှတ်တော်က ဖော်ဆောင်ရွက်” ဆိုပြီး ပြည်သူ့ဆန္ဒမဟုတ်တဲ့ လွှတ်တော်အမတ်တို့ရဲ့ ကိုယ်ပိုင်ဆန္ဒတွေကိုသာ ၎င်းတို့ ဖော်ဆောင် နေခြင်း ဖြစ်ပါတယ်…

နေပြည်တော်မှ လွှတ်တော်အမတ် တစ်ဦးအတွက် လစာအပြင် နေ့တွက်စရိတ် ၁ ရက် ၁ သောင်း ပေးရပါ တယ်… တစ်လဆိုရင် ၃ သိန်းဖြစ်ပါတယ်… လစာက ၃ သိန်း၊ ထပ်တိုးမှာက ၃ သိန်း၊ နေ့တွက်စရိတ်က ၃ သိန်း ဆိုလျှင် စုစုပေါင်း ၉ သိန်းကို ပြည်သူတွေရဲ့ အခွန်အခထဲက ပေးရမှာ ဖြစ်ပါတယ်… ပြည်သူ့လွှတ်တော်နှင့် အမျိုးသားလွှတ်တော်အတွက် ခန့်မှန်း သိန်း  ၆၀၀၀ လောက် ကုန်မှာ ဖြစ်ပါတယ်… ဒီထဲမှာ လွှတ်တော်ဥက္ကဌ လစာ သိန်း ၇၀ မပါသေးပါဘူး…

အလားတူ တိုင်းဒေသကြီးနှင့် ပြည်နယ်လွှတ်တော်အမတ် ၈၄၈ ဦးအတွက် လစာသီးသန့် တစ်လလျှင် သိန်း ၁၇၀၀  ကုန်ကျမှာဖြစ်ပါတယ်… ဒါ့အပြင် တစ်မြို့နယ်လျှင် ဖွံ့ဖြိုးရေးရံပုံငွေကျပ် သိန်း ၁၀၀၀ ကို လွှတ်တော်ကို ချပေးရတာ ရှိပါ သေးတယ်…

နေပြည်တော်လွှတ်တော်ရုံးတွင် လွှတ်တော်ဥက္ကဌများ၊ ကော်မတီဥက္ကဌများနှင့် သား/သမီးများ၊  ဆွေမျိုးများနှင့် နီးစပ်သူဝန်ထမ်း ၁၇၀ ကျော် ခန့်ထားပြီး စာရေးများကို လစာ ၂ သိန်း၊ သန့်ရှင်းရေးဝန်ထမ်း များကို ၁ သိန်းပေးဖို့ တောင်းခံထားတာလည်း ရှိပါတယ်… လွှတ်တော်ကိုယ်စားလှယ်များဆိုင်ရာ အခွင့်အရေးဥပဒေကြမ်းတွင် လွှတ်တော်ကိုယ်စားလှယ်တစ်ဦးကို ဝန်ထမ်းတစ်ဦးခန့်ဖို့ ထည့်သွင်း ထား ပြန်ပါတယ်။ ဒါ့ကြောင့် လွှတ်တော်အမတ်တွေ အတွက် သီးသန့် PSO ၆၆၄ ဦး မကြာခင် ထပ်မံပေါ်ပေါက်လာမှာဖြစ်ပြီး ၎င်းတို့အတွက် လစာနဲ့ အသုံးစရိတ် ထပ်ပေးရအုံးမှာဖြစ်ပါတယ်…။

ဒါ့အပြင် လွှတ်တော်အမတ်များ တာဝန်ဖြင့်ခရီးသွားရန် အသုံးစရိတ်တစ်ရက် ကျပ် ၁၀၀၀၀ နဲ့ တည်းခိုစရိတ် တစ်ရက် ကျပ် ၅၀၀၀ သုံစွဲခွင့်ရှိပါတယ်… တစ်ရက်လျှင် ကျပ်တစ်သောင်းခွဲရတာကြောင့် လွှတ်တော်အမတ်များမှာ ရက်ရှည်ခရီးထွက်ချင်နေကြပါတယ်... ပြည်ပခရီးစဉ်တွေမှာ အောက်ခြေချင်းညှိ ဖိတ်ကြားခိုင်းပါတယ်… သွားချိန်မှာတော့ အုပ်စုလိုက် အများအပြား သွားကြပြီး ကုန်ကျစရိတ် သောက်သောက်လဲကို ခေါင်းစဉ် အမျိုးမျိုးပြပြီး ပြန်တင်တောင်းတာတွေလည်း ရှိပါတယ်…

ဒါတွေကို ပြန်တွက်မယ်ဆိုရင် ပြည်တွင်း/ပြည်ပ ခရီးစဉ်မရှိချိန် လွှတ်တော် တက်တဲ့ ရက်တွေ့မှာ နေပြည်တော်လွှတ်တော်အမတ် ၆၆၄ ဦးနှင့် ဝန်ထမ်း ၁၇၀ အတွက် အတွက် တစ်လလျှင် သိန်း ၄၄၀၀ ကျော် ကုန်ကျပြီး တိုင်းဒေသကြီးနှင့် ပြည်နယ်လွှတ်တော်အမတ် ၈၄၈ ဦးအတွက် တစ်လလျှင် သိန်း ၁၇၀၀ လောက် ကုန်ကျပါတယ်… လွှတ်တော်ကို ၁ နှစ်ပတ်လုံး ကျင်းပမယ်ဆိုရင် စုစုပေါင်း တစ်နှစ်လျှင် သိန်းပေါင်း ၇ သောင်း ၃ ထောင်ကျော်ကို ပြည်သူ့ဘဏ္ဍာငွေထဲက လွှတ်တော်သို့ ပေးရမှာ ဖြစ်ပါတယ်…

လွှတ်တော်ရဲ့ အသုံးစရိတ်တွေကို မည်သူကမှ စစ်ဆေးခွင့်မရှိပါဘူး… မေးမြန်းခွင့်လည်း မရှိပါဘူး… လွှတ်တော်ကလည်း ပွင့်လင်းမြင်သာမှုရှိစွာဖြင့် ချပြထုတ်ပြန်ခြင်း လုံးဝမရှိပါဘူး…။ လွှတ်တော်မှာ ကော်မတီ ပေါင်း ၂၄ ခုရှိပေမယ့် ဘယ်ကော်မတီကမှ ပြည်သူကို အသုံးစရိတ်ချပြဖို့ အစီအစဉ်မရှိပါဘူး… ပြည်သူ့ဘဏ္ဍာငွေထဲက ထုတ်ယူသုံးစွဲရတဲ့ ဒီငွေတွေ အပေါ်မှာ ပွင့်လင်းမြင်သာတဲ့ ဒီမိုကရေစီကို ဖော်ဆောင်တဲ့ အနေနဲ့ စစ်ဆေး ခံခွင့် ရှိရင်ဖြင့် ပြည်သူတွေအတွက် ကျေနပ်လောက်တဲ့ အနေအထားတစ်ခု ရောက်ရှိလာနိုင်စရာ ရှိပါတယ်…

 ရွှေမောင်

No comments: